Car seat safety (Burmese) – ကားထိုင်ခုံဘေးကင်းရေး

  • English

    အဓိကမှတ်ရန်များ (Key points)

    • ကားထိုင်ခုံများနှင့် မြှင့်တင်ထိုင်ခုံများသည် ကားဖြင့် ခရီးသွားနေစဉ် သင့်ကလေးအား ပြင်းထန်သော ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးပါသည်။
    • ကလေးများဘေးကင်းစေရေးအတွက် ကားထိုင်ခုံများသုံးရာတွင် အကောင်းဆုံးသုံးစွဲနိုင်ရန် အကြံပြုချက် များ ရှိပါသည်။ ဤအကြံပြုချက်များသည် ဥပဒေသတ်မှတ်ချက်နှင့် အမြဲ ထပ်တူမကျနိုင်ပါ။
    • သင့်ကလေးအတွက် ဘေးအကင်းဆုံး ကားထိုင်ခုံ၊ မြှင့်တင်ထိုင်ခုံအမျိုးအစား ရှာဖွေရန် အရေးကြီးသည်။
    • မွေးကင်းစနှင့် ကလေးငယ်များအတွက် နောက်လှည့်ကားထိုင်ခုံသည် ဘေးအကင်းဆုံးဖြစ်သည်။ သင့် မွေးကင်းစကလေးအား ခုံတွင် အံဝင်ခွင်ကျဖြစ်နိုင်သည်အထိ အနောက်ဘက်လှည့်ထားသင့်သည်။ အကောင်းဆုံးမှာ အသက်နှစ်နှစ်မှ သုံးနှစ်အရွယ်ရောက်သည်အထိ ဖြစ်ပါသည်။
    • ပခုံးအမြင့် အမှတ်အသားများသည် သင့်ကလေးအတွက် ကားထိုင်ခုံ သို့မဟုတ် မြှင့်တင်ထိုင်ခုံတွင် ဘေးကင်းစွာ ထိုင်နိုင်၊ မထိုင်နိုင် သို့မဟုတ် ထိုခုံထက် ကလေး၏ အရွယ်အစား ကြီးမကြီး စစ်ဆေးရန် နည်းလမ်းကောင်း ဖြစ်ပါသည်။
    • 'အဆင့်၅ ဆင့်ဖြင့် စစ်ဆေးမှု' သည် သင့်ကလေးအနေဖြင့် စလွယ်သိုင်း လူကြီးထိုင်ခုံခါးပတ်သုံး၍ ခရီးသွားရန် ဘေးကင်းနိုင်ခြင်း စစ်ဆေးပေးသည့် မေးခွန်းများ ဖြစ်ပါသည်။ သင့်ကလေးသည် မြှင့်တင် ထိုင်ခုံမလိုအပ်ဘဲ ဘေးကင်းနိုင်ကြောင်း စဉ်းစားရန် အဆင့်ငါးဆင့်စလုံးကို ကျော်လွန်နိုင်ရမည်။
    • ကလေးအများစုသည် အသက် ဆယ်နှစ်မှ ဆယ့်နှစ်နှစ်မပြည့်မချင်း 'အဆင့်၅ ဆင့်ဖြင့် စစ်ဆေးမှု' ကို မကျော်လွန်နိုင်ကြပါ။

    ကားထိုင်ခုံနှင့် မြှင့်တင်ထိုင်ခုံများ မည်သည့်အတွက်ကြောင့် အလွန်အရေးကြီးပါသလဲ။ (Why are car and booster seats so important?)

    ဩစတေးလျတွင် အသက် ၁၅ နှစ်အောက်ကလေးများ မတော်တဆထိခိုက်သေဆုံးမှု၏ အဓိကအကြောင်းရင်းမှာ ယာဉ်တိုက်မှု ဖြစ်သည်။ ဗစ်တိုးရီးယား၌ နှစ်စဉ် ကလေးရာပေါင်းများစွာသည် ယာဉ်တိုက်မှုတွင် ပါဝင်နေပါသည်။ ယာဉ်တိုက်မှုဖြစ်ပါက အောက်ပါအခြေအနေများတွင် ကလေး ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်ခြေ များပါသည်-

    • ကားထဲတွင် အထိန်းအချုပ်မရှိခြင်း (ကားထိုင်ခုံ၊ မြှင့်တင်ထိုင်ခုံ သို့မဟုတ် စလွယ်သိုင်း လူကြီးထိုင် ခုံခါးပတ် မသုံးခြင်း)
    • မှန်ကန်စွာ ထိန်းချုပ်မထားခြင်း (အရွယ်နှင့်မကိုက်ညီသော ကားထိုင်ခုံ သို့မဟုတ် မြှင့်တင်ထိုင်ခုံ မသုံးပါက)
    • ကားရှေ့ခုံတွင် ထိုင်ပြီး ခရီးသွားခြင်း။

    ကားနှင့်ခရီးသွားစဉ် ကားထိုင်ခုံနှင့် မြှင့်တင်ထိုင်ခုံများသည် သင့်ကလေးအား ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခြင်းမှ ကာကွယ်ပေးပါသည်။ ၎င်းတို့သည် အောက်ပါတို့ကို ပြုလုပ်ပေးပါသည်-

    • သင့်ကလေးကို သူတို့၏ထိုင်ခုံတွင် ထိန်းချုပ်ထားခြင်း
    • သင့်ကလေး ခေါင်း၊ လည်ပင်းနှင့် ခန္ဓာကိုယ်ကို ကာကွယ်ရန် ယာဉ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုအားကို လျှော့ချပေးခြင်း
    • သင့်ကလေး၏ လည်ပင်း၊ ဝမ်းဗိုက်အစား ပခုံး၊ တင်ပါးကဲ့သို့သော သန်မာသောအရိုးများပေါ်တွင် သိုင်းကြိုးများသုံး၍ ထိန်းချုပ်ထားခြင်း။

    ခရီးတိုသွားသည်ဖြစ်စေကာမူ သင့်ကလေးသည် သူတို့၏အရွယ်အတွက် မှန်ကန်သော ကားထိုင်ခုံ၊ မြှင့်တင် ထိုင်ခုံတွင်အမြဲရှိနေရပါမည်၊။ မှန်ကန်သောထိုင်ခုံဆိုရာတွင် ကားအမျိုးအစားမတူပါက ပြောင်းလဲနိုင်သည်။

    ကလေးအတွက် မည်သည့် ကားထိုင်ခုံ၊ မြှင့်တင်ထိုင်ခုံသည် အကောင်းဆုံးဖြစ်ပါသလဲ။ (Which car or booster seat is best for my child?)

    ကားအတွင်း ကလေးထိုင်ခုံ၊ မြှင့်တင်ထိုင်ခုံအမျိုးအစား အဓိကသုံးမျိုး ရှိပါသည်-

    1. နောက်လှည့်ကားအတွင်း ကလေးထိုင်ခုံများ
      • ကားနောက်ဘက်သို့ မျက်နှာမူသည်
      • နောက်ကျော၊ ဦးခေါင်းနှင့်လည်ပင်းအား ထောက်ကန်ပေးသည်
      • သိုင်းကြိုးအသင့် ပါရှိသည်။
    1. ရှေ့လှည့်ကားအတွင်း ကလေးထိုင်ခုံများ
      • ကားရှေ့ဘက်သို့ မျက်နှာမူသည်
      • နောက်ကျော၊ ဦးခေါင်းနှင့်လည်ပင်းအား ထောက်ကန်ပေးသည်
      • သိုင်းကြိုးအသင့် ပါရှိသည်။
    1. မြှင့်တင်ထိုင်ခုံ
      • ကားရှေ့ဘက်သို့ မျက်နှာမူသည်
      • နောက်ကျော၊ ဦးခေါင်းနှင့်လည်ပင်းအား ထောက်ကန်ပေးသည်
      • သိုင်းကြိုးအသင့် မပါပါ - စလွယ်သိုင်း လူကြီးထိုင်ခုံခါးပတ် အသုံးပြုရမည်။

    သင့်ကလေးသည် အသက်အပိုင်းအခြားနှင့်မဟုတ်ဘဲ အရွယ်အစားနှင့်လိုက်ဖက်သော အထိန်းအချုပ်ဖြင့် အစဉ်အမြဲ ခရီးသွားသင့်သည်။ အသက်အပိုင်းအခြားအရ ဥပဒေများက ခွင့်ပြုစေကာမူ၊ သင့်ကလေးကို အထိန်းအချုပ် နောက်တမျိုးသို့ လျှင်မြန်စွာ မပြောင်းသင့်ပါ။

    ကလေးအတွက် ကားတွင်း အထိန်းအချုပ်များ ပြောင်းလဲခြင်း (Changing child car restraints)

    သင့်ကလေးကို နောက် အထိန်းအချုပ်တစ်မျိုးသို့ အလွန်စောစောပြောင်းလဲခြင်းသည် ကားတိုက်မှုတွင် ဒဏ်ရာ ပြင်းထန်စွာ ရနိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေ များစေနိုင်သည်။

    သြစတြေးလျ ကားအထိန်းအချုပ်ဆိုင်ရာ ဥပဒေအများစုသည် အသက်အပိုင်းအခြားအလိုက် ဖြစ်သည်။ သို့သော် ဘေးအကင်းဆုံး အထိန်းအချုပ်များအတွက် နိုင်ငံတစ်ဝှမ်း ကျွမ်းကျင်သူထံမှ လမ်းညွှန်ချက်များကို လိုက်နာရန်နှင့် ကလေးအသက်အပိုင်းအခြားထက် ကလေးအရွယ်နှင့် အံဝင်ခွင်ကျမည့် အထိန်းအချုပ် ရွေးချယ်ရန်တို့ကို တော်ဝင် ကလေးဆေးရုံကြီး (RCH)က အလေးအနက် အကြံပြုပါသည်။ အရွယ်အလိုက်အကြံပြုချက်များသည် သင့်ကလေး အနေဖြင့် ကားထိုင်ခုံတိုင်းတွင် ကြာကြာထိုင်နိုင်စေပြီး ပိုမို ဘေးကင်းစေပါသည်။

    ပိုကြီးသည့်ထိုင်ခုံသို့ မပြောင်းခင်၊ သင့်ကလေးအရွယ်သည် သူ၏ ကားထိုင်ခုံ သို့မဟုတ် မြှင့်တင်ထိုင်ခုံထက် ကျော်သွားသည့်အချိန်အထိ စောင့်ပါ။ ထိုအချိန်တွင် နောက်အမျိုးအစားသို့ မပြောင်းမီ သင့်ကလေး၏ ယခု အထိန်းအချုပ်အမျိုးအစားရှိ ရွေးချယ်စရာအားလုံးကို စမ်းသပ်ပါ။ ဥပမာ၊ သင့်ကလေးကို မြှင့်တင်ထိုင်ခုံသို့ မပြောင်းမီ ပိုကြီးသော ကားထိုင်ခုံကို ရှာဖွေပါ။

    ဗစ်တိုးရီးယားရှိ ကားထိုင်ခုံနှင့် မြှင့်တင်ထိုင်ခုံများဆိုင်ရာ လက်ရှိဥပဒေများနှင့် အကြံပြုချက်များအတွက် Transport Victoria ဝဘ်ဆိုက်သို့ ဝင်ရောက်ဖတ်ရှုပါ။

    နောက်လှည့်ကားထိုင်ခုံများ (Rearward-facing car seat)

    သင့်မွေးကင်းစကလေးသည် မွေးစကတည်းက နောက်လှည့် ကားအတွင်း ကလေးထိုင်ခုံ သို့မဟုတ် အကာတွင် ရှိနေရမည်။ ခရီးသွားနေစဉ် ဤအထိန်းအချုပ်သည် ကလေး၏ ဦးခေါင်းနှင့် လည်ပင်းကို ထောက်ကန်ပေးပြီး ခန္ဓာကိုယ်အပေါ် ကားတိုက်မှုကြောင့် သက်ရောက်မှုအားကို များစွာ လျှော့ချပေးသည်။

    နောက်လှည့်ကားထိုင်ခုံများတွင် မွေးကင်းစအကာများနှင့် နောက်လှည့်ရာမှ ရှေ့လှည့်ရာသို့ ပြောင်းလဲနိုင်သော နှစ်မျိုးစပ် ကားထိုင်ခုံများကဲ့သို့သော အမျိုးစုံလင်စွာ ရှိပါသည်။

    ခရီးသွားတိုင်း နောက်လှည့်ကားထိုင်ခုံများ သို့မဟုတ် အကာများ၏ ကြိုးများကို ညှိပြီး တင်းကြပ်စွာ ထားသင့်ပါသည်။

    ရှေ့လှည့်ကားထိုင်ခုံသို့ ပြောင်းလဲရမည့်အချိန် (When to move to a forward-facing car seat)

    သင့်ကလေးအတွက် နောက်လှည့်အထိန်းအချုပ်ဖြင့် ခရီးသွားခြင်းသည် ဘေးအကင်းဆုံး ဖြစ်ပါသည်။ ကလေးများသည် တတ်နိုင်သမျှ နောက်သို့လှည့်၍ ခရီးသွားသင့်ပြီး၊ အကောင်းဆုံးမှာ အသက်နှစ်နှစ်မှ သုံးနှစ်ပြည့်သည်အထိ သွားသင့်သည်။ သင့်ကလေးသည် အရွယ်ကန့်သတ်ချက် အမြင့်ဆုံး ကျော်လွန်သွားသော အချိန်တွင်သာ ရှေ့လှည့်ကားထိုင်ခုံသို့ ပြောင်းပေးသင့်ပါသည်။

    ဩစတြေးလျနှင့် နယူးဇီလန် စံသတ်မှတ်ချက် AS/NZS 1754 နှင့်အညီ နောက်လှည့်နှင့် ရှေ့လှည့်ကားထိုင်ခုံ များတွင် အများအားဖြင့် ပခုံးအမြင့် အမှတ်အသားများ ပါရှိပါသည်။ ဤအမှတ်အသားများသည် အထိန်းအချုပ် တွင် သင့်ကလေး ဘေးကင်းခြင်း ရှိ၊ မရှိ နှင့် ထိုခုံထက် ကလေး၏ အရွယ်အစား ကြီးမကြီး စစ်ဆေးရန် နည်းလမ်းကောင်း ဖြစ်ပါသည်။

    နောက်လှည့်ကားထိုင်ခုံထက် သင့်ကလေး၏ အရွယ်အစား ကြီးလာသောအခါ ရှေ့လှည့်ရာသို့ အမြန်ပြောင်းမည့် အစား နောက်လှည့်ကားထိုင်ခုံအကြီး ပြောင်းရန် ကြိုးစားပါ။

    အသက် သြစတြေးလျဥပဒေများ ကျွမ်းကျင်သူထံမှ ဘေးကင်းရေးအကြံပြုချက်
    ခြောက်လအောက် နောက်လှည့်ခြင်းသာ။ နောက်လှည့်ကားထိုင်ခုံ သို့မဟုတ် အကာများသာ။
    ခြောက်လမှ လေးနှစ် သိုင်းကြိုးပါသော နောက်လှည့် သို့မဟုတ် ရှေ့လှည့်ကားထိုင်ခုံ။ < ဖြစ်နိုင်သရွေ့ နောက်လှည့်ကားထိုင်ခုံ။ အထိန်းအချုပ် ပြောင်းလဲရမည့်အချိန် ဆုံးဖြတ်ရန်အတွက် အသက် အပိုင်းအခြားမဟုတ်ဘဲ အရွယ်ကို အသုံးပြုပါ။ အသက် နှစ်နှစ်မှ သုံးနှစ်အထိ ကလေးများအတွက် သင့်တော် သော နောက်လှည့်ကားထိုင်ခုံများ ရရှိနိုင်ပါသည်။

    မြှင့်တင်ထိုင်ခုံ ပြောင်းလဲရမည့်အချိန် (When to move to a booster seat)

    သင့်ကလေးသည် ကားထိုင်ခုံ၏ ပခုံးအမြင့် အမှတ်အသားများတွင် ပြထားသည့် အမြင့်ဆုံးအရွယ်ကန့်သတ်ချက် ကျော်လွန်သွားသည်အထိ ရှေ့လှည့်ကားထိုင်ခုံတွင် ထားပေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့လှည့် ကားထိုင်ခုံပါ သိုင်းကြိုးသည် မြှင့်တင်ထိုင်ခုံအား လူကြီးထိုင်ခုံခါးပတ်ဖြင့်သုံးခြင်းထက် သင့်ကလေးကို ပိုမို ကာကွယ် ပေးသောကြောင့် ဖြစ်ပါသည်။

    ပျမ်းမျှအားဖြင့် သြစတြေးလျကလေးသည် အသက်ရှစ်နှစ်ပြည့်သည်အထိ ရှေ့လှည့်ကားထိုင်ခုံထက် အရွယ်အစား ပိုကြီးမည်မဟုတ်သလို အချို့ကလေးများသည် ထိုထက်ပင် အသက်ပိုကြီးနိုင်ပါသည်။

    သင့်ကလေးသည် သူတို့၏ ရှေ့လှည့်ကားထိုင်ခုံထက် အရွယ်အစား ပိုကြီးထွားလာသောအခါ မြှင့်တင်ထိုင်ခုံ သုံးရန်အချိန် ဖြစ်ပါသည်။

    အသက် သြစတြေးလျဥပဒေများ ကျွမ်းကျင်သူထံမှ ဘေးကင်းရေးအကြံပြုချက်
    လေးနှစ်မှ ခုနစ်နှစ်အထိ သိုင်းကြိုးအသင့်ပါ ရှေ့လှည့် ကားထိုင်ခုံ သို့မဟုတ် မြှင့်တင်ထိုင်ခုံ။ ဖြစ်နိုင်သရွေ့ သိုင်းကြိုးအသင့်ပါ ရှေ့လှည့်ကားထိုင်ခုံ။ မြှင့်တင်ထိုင်ခုံ ပြောင်းလဲရမည့်အချိန် ဆုံးဖြတ်ရန် အသက်အပိုင်းအခြားအစား အရွယ်ကို သုံးပါ။
    ခုနစ်နှစ်နှင့်အထက် မြှင့်တင်ထိုင်ခုံ သို့မဟုတ် စလွယ်သိုင်း လူကြီးထိုင်ခုံ ခါးပတ်သာ။ ကလေးက 'အဆင့်၅ ဆင့်ဖြင့် စစ်ဆေးမှု' မကျော်လွန်မီ မြှင့်တင်ထိုင်ခုံ (အောက်တွင် အသေးစိတ်ပါသည်)။

    လူကြီးထိုင်ခုံခါးပတ်ကိုသာ ပြောင်းလဲသုံးရမည့်အချိန် (When to move to an adult seat belt only)

    ရှေ့လှည့်ကားထိုင်ခုံ ပြောင်းလဲအသုံးပြုချိန်အထိ သင့်ကလေးသည် ပခုံးအမြင့် အမှတ်အသားများ၏ အမြင့်ဆုံး အရွယ် ကန့်သတ်ချက်ကို ကျော်လွန် ကြီးထွားလာသည်အထိ မြှင့်တင်ထိုင်ခုံတွင် ထားရှိသင့်သည်။ မြှင့်တင် ထိုင်ခုံသည် စလွယ်သိုင်း လူကြီးထိုင်ခုံခါးပတ်တစ်ခုတည်းထက် သင့်ကလေးကို ပိုမိုကာကွယ်ပေးသည်။ မြှင့်တင် ထိုင်ခုံနှင့် အံဝင်ခွင်ကျရှိသော်လည်း အသုံးမပြုသောကလေးအတွက် ပြင်းထန်သော ဝမ်းဗိုက်၊ ဦးခေါင်း၊ လည်ပင်း နှင့် ကျောရိုးဒဏ်ရာများ ဖြစ်နိုင်ချေသည် ၃.၅ ဆအထိ တိုးနိုင်ပါသည်။

    ကလေးအရွယ်အမျိုးမျိုးအတွက် ကိုက်ညီသော မြှင့်တင်ထိုင်ခုံပုံစံမျိုးစုံ ရှိပါသည်။ သင့်ကလေးအတွက် ဖြစ်နိုင်သမျှ အံ့ဝင်ခွင်ကျဖြစ်သော ထိုင်ခုံကို ရွေးချယ်ပါ။ အသက် ၁၀နှစ်မှ ၁၂နှစ်ရောက်သည်အထိ ကလေး အများစုနှင့် အံဝင်ခွင်ကျဖြစ်စေသည့် မြှင့်တင်ထိုင်ခုံများကို ရရှိနိုင်သည်။

    သင့်ကလေးသည် ၎င်းတို့၏ မြှင့်တင်ထိုင်ခုံများထက် အရွယ်အစားကြီးထွားလာပြီဟု ထင်မြင်လာချိန်တွင် 'အဆင့်၅ဆင့်ဖြင့် စစ်ဆေးမှု' ကို ကျော်လွန်မှသာ ၎င်းတို့ကို လူကြီးကားထိုင်ခုံသို့ ပြောင်းလဲသင့်ပါသည်။

    'အဆင့်၅ ဆင့်ဖြင့် စစ်ဆေးမှု' ('5 step test')

    'အဆင့်၅ ဆင့်ဖြင့် စစ်ဆေးမှု' သည် သင့်ကလေးအနေဖြင့် စလွယ်သိုင်း လူကြီးထိုင်ခုံခါးပတ်ကိုသာ အသုံးပြုနိုင်ရန်အတွက် အရွယ်ရောက်ခြင်းရှိမရှိ စစ်ဆေးရန် ကူညီပေးပါမည်။ အဆင့်များမှာ-

    1. ကလေးသည် ကားထိုင်ခုံကို နောက်ကျောမှီ ထိုင်နိုင်ပါပြီလား။
    2. ကလေးသည် ထိုင်ခုံအစွန်းတွင် ဒူးအောက်ချနိုင်ပြီလား။
    3. ထိုင်ခုံခါးပတ်၏ စလွယ်သိုင်းနေရာသည် (လည်ပင်းပေါ် သို့မဟုတ် လက်မောင်းအနီးတွင် မဟုတ်ဘဲ) ကလေး၏ပခုံးအလယ်တွင် ရှိနေပြီလား။
    4. ထိုင်ခုံခါးပတ်၏ပေါင်နေရာသည် ကလေး၏ပေါင်ကို ထိလျှက် ခါးစောင်းကိုကျော်နိုင်ပြီလား။
    5. ကလေးသည် ခရီးစဉ်တစ်လျှောက်လုံး ထိုကဲ့သို့ ဘေးကင်းစွာ ထိုင်နိုင်ပါပြီလား။

    သင့်ကလေးအတွက် မြှင့်တင်ထိုင်ခုံမပါဘဲ ဘေးကင်းစွာ ခရီးမသွားမီ၊ အဆင့်ငါးဆင့်စလုံး၏အဖြေသည် 'ရပါပြီ' ဖြစ်ရမည်။

    ပျမ်းမျှအားဖြင့် သြစတြေးလျကလေးများသည် အသက် ၁၀နှစ် သို့မဟုတ် ၁၁နှစ်မတိုင်မီ ကားအများစုတွင် 'အဆင့်၅ ဆင့်ဖြင့် စစ်ဆေးမှု' ကို ကျော်လွန်နိုင်ရန်အတွက် အရွယ်အစား မကြီးကြသေးပါ။

    သတိပြုရန်- သင့်ကလေး 'အဆင့်၅ ဆင့်ဖြင့် စစ်ဆေးမှု' ကျော်လွန်နိုင်စွမ်းသည် ၎င်းတို့၏ အရွယ်နှင့် ခရီး သွားလာမည့် ကားပေါ်တွင် မူတည်ပါသည်။ ဥပမာအားဖြင့်၊ အချို့ကားများတွင် ထိုင်ခုံနောက်မှီကျယ်ကျယ် ရှိသည်။ သင့်ကလေးအတွက် ခရီးမသွားမီ ကားတိုင်းတွင် စမ်းသပ်ပါ။

    ရှေ့ခုံသို့ ရွှေ့ပြောင်းရမည့်အချိန် (When to move to the front seat)

    သင့်ကလေးသည် အသက် ၁၃နှစ်နှင့်အထက်မတိုင်မီ နောက်ခုံတွင် ထိုင်သင့်ပါသည်။ အကြောင်းမှာ အသက် ၁၂နှစ်အောက်ကလေးများတွင် ထိခိုက်ဒဏ်ရာရနိုင်ခြေသည် နောက်ခုံနှင့်နှိုင်းယှဉ်ပါက ရှေ့ခုံတွင် နှစ်ဆနီးပါး ပိုများသောကြောင့် ဖြစ်ပါသည်။

    ကားထိုင်ခုံတပ်ဆင်ခြင်း (Installing a car seat)

    ကားထိုင်ခုံနှင့် မြှင့်တင်ထိုင်ခုံများသည် မှန်ကန်စွာ တပ်ဆင်ထားမှသာ သင့်ကလေးအား ကာကွယ်ပေးပါသည်။ RCH သည် ကားအထိန်းအချုပ်အားလုံး ဘေးကင်းစေရေးအတွက် တတ်ကျွမ်းတပ်ဆင်သူနှင့် စစ်ဆေးထားရန် အလေး အနက် အကြံပြုအပ်ပါသည်။

    ကားထိုင်ခုံဘေးကင်းရေးအတွက် အရေးကြီးသော အကြံပြုချက်များ (Important tips for car seat safety)

    • ဩစတြေးလျနှင့် နယူးဇီလန် စံသတ်မှတ်ချက် AS/NZS 1754 နှင့် ကိုက်ညီသော ကားထိုင်ခုံကို ဝယ်ပါ သို့မဟုတ် ငှားပါ။ ထိုစံနှုန်းများနှင့် မကိုက်ညီသော နိုင်ငံခြားပုံစံနှင့် အထိန်းအချုပ်များကို အသုံးပြုခြင်းသည် တရားမဝင်ပါ။
    • သင့်ကလေးအရွယ်နှင့် အံ့ဝင်ခွင်ကျရှိသောအထိန်းအချုပ် ဖြစ်စေရန် ကားထိုင်ခုံထုတ်လုပ်သူ ညွှန်ကြားချက်များနှင့် ပခုံးအမြင့် အမှတ်အသားများကို အမြဲလိုက်နာပါ။
    • သင့်ကလေး ခရီးသွားသည့်အခါတိုင်း ရှေ့လှည့်ကားထိုင်ခုံ၏ သိုင်းကြိုးများကို တင်းကြပ်စွာ ထားပါ။
    • သင့်ကလေး၏ ကားထိုင်ခုံ၊ မြှင့်တင်ထိုင်ခုံကို ပုံမှန်စစ်ဆေးပြီး ကလေးအရွယ် ကြီးထွားလာသည်နှင့်အမျှ ချိန်ညှိပါ။
    • ခရီးတိုဖြစ်စေကာမူ၊ ကလေး၏ အရွယ်အတွက် မှန်ကန်သော ကားအထိန်းအချုပ်ကို အသုံးပြု၍ သင့်ကလေးအား မြဲမြံအောင် ချည်နှောင်ထားပါ။

    ကားထိုင်ခုံ၊ မြှင့်တင်ထိုင်ခုံများအကြောင်း မေးနေကျမေးခွန်းများ (Common questions about car and booster seats)

    ကလေးသည် ကားထဲတွင် ရှေ့လှည့်နေရသည်ကို ပိုအဆင်ပြေပါသည်။ ကလေးများကို နောက်လှည့်ရာမှ ရှေ့လှည့်ရာသို့ ပြောင်းရွှေ့နိုင်ပါသလား။ (My child is more comfortable facing forward in the car; can I move them from rearward to forward-facing?)

    ကားထိုင်ခုံများသည် ယာဉ်တိုက်မှုတွင် ဘေးကင်းစေရန်နှင့် သေဆုံးခြင်း၊ ဒဏ်ရာပြင်းထန်ခြင်းတို့ကို ရှောင်ရှားခြင်း အတွက် ဖြစ်ပါသည်။ အဆင်ပြေပြေနေနိုင်ခြင်းအတွက် မဟုတ်ပါ။ ကလေးအား နောက်လှည့်ရာမှ ရှေ့လှည့်ရာသို့ ပြောင်းလဲရာတွင် ဘေးကင်းစေရေးအတွက် တစ်ခုတည်းသောအကြောင်းမှာ ကလေးသည် နောက်လှည့်ကား ထိုင်ခုံတွင် အံဝင်ခွင်ကျ မဖြစ်တော့တာကြောင့်ဖြစ်တတ်ပါသည်။

    ကားထိုင်ခုံများတွင် သက်တမ်းရှိပါသလား။ (Do car seats expire?)

    သြစတြေးလျနိုင်ငံရှိ ကလေး မတော်တဆမှုကာကွယ်ရေးအဖွဲ့ KidSafe သည် ထုတ်လုပ်သည့်နေ့မှစ၍ သက်တမ်း ၁၀နှစ်အောက် ကားထိုင်ခုံများကို အသုံးပြုရန် အကြံပြုထားသည်။ ကားထိုင်ခုံပစ္စည်းများသည် အချိန်ကြာ လာသည်နှင့်အမျှ ယိုယွင်းလာကာ အထောက်အပံ့နှင့် အကာအကွယ်ကို လျော့နည်းစေပါသည်။ ကျိုးပဲ့နေသော၊ ကွဲအက်နေသော၊ ဒဏ်ရာရှိသော သို့မဟုတ် ပျက်စီးပွန်းပဲ့နေသည့် သိုင်းကြိုးများပါသော ကားထိုင်ခုံကို အသုံး မပြုပါနှင့်။ ကားထိုင်ခုံသည် ကားတိုက်မှုတွင် ပါဝင်ခဲ့ပါက၊ မပျက်စီးဟု ထင်ရစေကာမူ၊ ထပ်မံအသုံးမပြုသင့်ပါ။ ကားထိုင်ခုံအတွင်းတွင် ပျက်စီးနေနိုင်ပါသည်။ ကုမ္ပဏီအချို့ သည် ပျက်စီးသွားသော ထိုင်ခုံကို အသစ်တစ်ခုနှင့် လဲလှယ်ပေးပါသည်။

    မြှင့်တင်ထိုင်ခုံအစား မြှင့်တင်အထိုင်ကို အသုံးပြုနိုင်ပါသလား။ (Can I use a booster cushion instead of a booster seat?)

    မြှင့်တင်အထိုင်များသည် နောက်ကျော၊ ဦးခေါင်း ထောက်ကန်မှု မရှိသောကြောင့် မြှင့်တင်ထိုင်ခုံများနှင့် ကွဲပြားပြီး၊ ၎င်းတို့ကို ကားတွင် ချိတ်တွယ်၍ မရပါ။ မြှင့်တင်ထိုင်ခုံများနှင့်မတူဘဲ၊ ကားတိုက်မှုတွင် မြှင့်တင်အထိုင်များသည် ကလေး၏ ဘေးဘက်ပိုင်း သို့မဟုတ် ဦးခေါင်းပိုင်းကို မကာကွယ်နိုင်ပါ။ မြှင့်တင်အထိုင်များကို အကြံပြု ထောက်ခံခြင်းမရှိဘဲ သြစတြေးလျတွင် တရားဝင် အသုံးမပြုနိုင်ပါ။

    မိမိကလေးသည် လက်ရှိ အထိန်းအချုပ်ထက် ကြီးထွားသွားပါက မည်သို့ဖြစ်မည်နည်း။ (What if my child has outgrown the restraint they are currently in?)

    သင့်ကလေးသည် ၎င်းတို့၏ ကားထိုင်ခုံ၊ မြှင့်တင်ထိုင်ခုံထက် ကြီးထွားလာသောအခါ၊ ကလေးများအား အထိန်း အချုပ် နောက်တစ်မျိုးသို့ ပြောင်းလဲခြင်းသည် ဘေးကင်းသည်ဟု မဆိုလိုပါ။ ကလေးများသည် တူညီသော အထိန်း အချုပ် အရွယ်ကြီးကိုသာ လိုအပ်နိုင်ပါသည်။ ဥပမာအားဖြင့်၊ သင့်ကလေးသည် ခြောက်လသားအရွယ်တွင် ၎င်းတို့၏ နောက်လှည့် မွေးကင်းစအကာထက် ကြီးထွားလာပါက၊ ၎င်းတို့ကို ရှေ့လှည့်ရာသို့ စောစီးစွာ ပြောင်းလဲခြင်းထက် ပိုကြီးသော နောက်လှည့်ကားထိုင်ခုံကို ဝယ်ခြင်းက ပို၍ ဘေးကင်းပါသည်။

    မိမိ၏ကားထိုင်ခုံသည် သြစတြေးလျနိုင်ငံ ဘေးကင်းရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိ မည်သို့သိနိုင်မည်နည်း။ (How do I know if my car seat meets Australian safety standards?)

    ဩစတေးလျတွင် ရောင်းချသော ကားထိုင်ခုံများသည် ဩစတြေးလျနှင့် နယူးဇီလန် စံသတ်မှတ်ချက် AS/NZS 1754 နှင့် ကိုက်ညီပြီး ထုပ်ပိုးပစ္စည်းနှင့် ထိုင်ခုံပေါ်တွင် ထင်ရှားစွာ တံဆိပ်တပ်ထားမည် ဖြစ်ပါသည်။ သင့် ကားထိုင်ခုံတွင် ထိုတံဆိပ်ပါပါက၊ ၎င်းသည် အနည်းဆုံးဘေးကင်းလုံခြုံရေးသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အသုံးပြုရန် စိတ်ချရပါသည်။ ထပ်ဆောင်းဘေးကင်းမှုအဆင့်သတ်မှတ်ချက်များ၊ စျေးကြီးသောအမျိုးအစားများ သို့မဟုတ် အထူးထပ်ဆောင်းအကြောင်းအချက်များကို သင်အားကိုးနေရန် မလိုအပ်ပါ။ နိုင်ငံခြားမှ ဝယ်ယူသော ကားထိုင်ခုံများ၊ မြှင့်တင်ထိုင်ခုံများသည် သြစတြေးလျလုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိ မသေချာပါ။

    မိမိကလေးသည် မြှင့်တင်ထိုင်ခုံကို မသုံးချင်ပါ၊ သို့သော်လည်း အရွယ်သတ်မှတ်ချက်နှင့် ကိုက်ညီနေဆဲ ဖြစ်ပါသည်။ မိမိ ဘာလုပ်သင့်ပါသလဲ။ (My child does not want to use a booster seat, but they still fit the size recommendation. What should I do?)

    သင့်ကလေးအား စလွယ်သိုင်း လူကြီးထိုင်ခုံခါးပတ်ပါသော လူကြီးထိုင်ခုံသို့ မရွှေ့မီ၊ 'အဆင့်၅ ဆင့်ဖြင့် စစ်ဆေးမှု' မေးခွန်းငါးခု၏အဖြေသည် 'ရပါပြီ' ဖြစ်ရပါမည်။ သင့်ကလေးသူငယ်ချင်းများက ကလေးအပေါ် လွှမ်းမိုးခြင်းသည် ပုံမှန်ဖြစ်သော်လည်း၊ ကလေးဘေးကင်းရေးအတွက် သင့်တွင် တာဝန်ရှိပါသည်။ သင့်ကလေးအား မြှင့်တင် ထိုင်ခုံတွင် ထိုင်ရမည့်အကြောင်းကို အချိန်ယူ ရှင်းပြပေးပါ။ အဆင်ပြေခြင်းထက် ဘေးကင်းရေးကို ဦးစားပေးရန် အမြဲကြိုးစားပါ။

    မိမိကားတွင် တပ်ဆင်ထားသော မြှင့်တင်ထိုင်ခုံကို အသုံးပြုနိုင်ပါသလား သို့မဟုတ် သီးခြား မြှင့်တင်ထိုင်ခုံ ဝယ်ခြင်းသည် ပိုဘေးကင်းပါသလား။ (Can I use the booster seat built into my car, or is it safer to buy a separate booster seat?)

    ဗစ်တိုးရီးယားဥပဒေအရ လေးနှစ်နှင့်အထက်ကလေးများကို အသင့်ပါ မြှင့်တင်ထိုင်ခုံအသုံးပြုခွင့် ပြုပါသည်။ အသင့်ပါ မြှင့်တင်ထိုင်ခုံများသည် သင် တပ်ဆင်ရန်မလိုအပ်သောကြောင့် အဆင်ပြေနိုင်သော်လည်း၊ ၎င်းတို့သည် သင့်ကလေး၏နောက်ကျော သို့မဟုတ် ဦးခေါင်းကို သီးခြားမြှင့်တင်ထိုင်ခုံကဲ့သို့ မကာကွယ်နိုင်ပါ။ အသင့်ပါ မြှင့်တင်ထိုင်ခုံများအတွက် သင့်ပြည်နယ်၏ ကားထိုင်ခုံဘေးကင်းရေးဥပဒေများကို သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များနှင့် စစ်ဆေးပါ။

    မိမိကလေးသည် အငှားကား သို့မဟုတ် အူဘာကဲ့သို့ကားအတူစီးခြင်း လုပ်ငန်းတွင် ကားထိုင်ခုံ လိုအပ်ပါသလား။ (Does my baby need a car seat in a taxi or rideshare service like Uber?)

    ဗစ်တိုးရီးယားတွင် အငှားယာဉ်မောင်းများသည် ခရီးသည်များအတွက် ကားထိုင်ခုံ၊ မြှင့်တင်ထိုင်ခုံများပေးရန် အတွက် ဥပဒေအရ မလိုအပ်ပါ။ သင့်ကလေးသည် အသက်တစ်နှစ်မပြည့်သေးပါက အငှားကားနောက်ခန်းတွင် စီးနင်းရမည်ဖြစ်ပြီး လူကြီးဖြစ်သူက ဖက်ကိုင်ထားရမည်ဖြစ်ပြီး ထိုင်ခုံခါးပတ်ကို မျှဝေမသုံးရပါ။ သင့်ကလေးသည် အသက်တစ်နှစ်ကျော်ပါက၊ ကားအထိန်းအချုပ်မရှိပါက အငှားကားတွင် ထိုင်ခုံတစ်ခုတွင် သီးခြားထိုင်ခုံခါးပတ် တစ်ခုဖြင့် စီနင်းရမည်ဖြစ်သည်။ ဗစ်တိုးရီးယားအငှားကားများသည် ခရီးသည်များက ကိုယ်ပိုင်ကားအတွင်း ကလေးအတွက်အထိန်းအချုပ်များကို အသုံးပြုလိုပါက တပ်ဆင်နိုင်ရန်အတွက် အချိတ်အတွယ်ရှိထားရန် တရားဥပဒေအရ လိုအပ်ပါသည်။

    အူဘာကဲ့သို့ ကားအတူစီးခြင်း လုပ်ငန်းများအတွက် စည်းမျဉ်းများသည် ကွဲပြားပါသည်။ ကားအတူစီးခြင်း လုပ်ငန်း ကားများသည် ကိုယ်ပိုင်ကားများအတွက် ဗစ်တိုးရီးယား စံနှုန်းစည်းမျဉ်းများကို လိုက်နာရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင့်ကလေးသည် အသက် ခုနစ်နှစ်ပြည့်သည့်အချိန်အထိ အတူစီးကားအတွင်းတွင် ဥပဒေနှင့် ကိုက်ညီသော ကားထိုင်ခုံ၊မြှင့်တင်ထိုင်ခုံတွင် ရှိနေရပါမည်။

    သင်သည် ဗစ်တိုးရီးယားပြည်နယ်ပြင်ပတွင် နေထိုင်ပါက ခရီးသွားခြင်းမပြုမီ သင့်ပြည်နယ်၏ဥပဒေများကို သေချာစစ်ဆေးပါ။

    သင့်ကလေးကို ကားဖြင့် ခရီးသွားသည့်အခါတိုင်း သင့်လျော်သော အထိန်းအချုပ်တွင် ထားရှိခြင်းသည် အမြဲတမ်း ဘေးကင်းပါသည်။ ဆိုလိုသည်မှာ သင့်ကိုယ်ပိုင်ကားထိုင်ခုံကို သင်နှင့်အတူ ယူဆောင်သွားပြီး အခြားကားတွင် တပ်ဆင်နည်းကို သိရှိခြင်း ဖြစ်ပါသည်။

    ပိုမိုသိရှိလိုပါက (For more information)

    The Royal Children's Trauma ဌာနမှ စီစဉ်သည်။ RCH လူနာနှင့် လူနာစောင့်များ၏ အကြံဉာဏ်များကို အသိအမှတ်ပြုပါသည်။

    မတ်လ ၂၀၂၅တွင် ပြန်လည်သုံးသပ်သည်။

    မှတ်ပုံတင် ဆရာဝန်ထံမှ နောက်ဆုံးရအကြံဉာဏ်များ အမြဲရယူပါ။